မြန်မာဘာသာ - ကလေးများရဲ့ ပန်းချီ

မြန်မာဘာသာ - ကလေးများရဲ့ ပန်းချီ

မြန်မာဘာသာ - ကလေးများရဲ့ ပန်းချီ

  • Nyein Su

  • 2 minute read

Art-eyed ရဲ့ drawing နဲ့ ပတ်သတ်တဲ့ သင်ခန်းစာကတော့ 8 နှစ်အထက်ရှိတဲ့ ကလေး၊ လူကြီးတွေအတွက်ပဲ သင့်လျှော်ပါတယ်။ ပန်းချီရဲ့ အခြေခံဖြစ်တဲ့ drawing ကို နည်းစနစ်ကျကျလေ့လာသင်ယူဖို့ စိတ်ရှည်ပြီး အချိန်ယူလေ့ကျင့်ရပါမယ်။ 

Basic Drawing မှာ ပန်းချီရဲ့သီအိုရီတွေများစွာပါဝင်တဲ့အတွက် ကလေးငယ်လေးတွေရဲ့ လွတ်လပ်တဲ့ အတွေးအမြင်လေးတွေကို ပျောက်ကွယ်သလိုဖြစ်စေပါတယ်။ အဓိကကတော့ ကလေးတွေကို ပန်းချီနဲ့ intro လုပ်တဲ့အခါ စိတ်ပျက်အားငယ်သွားပြီး ပန်းချီကို မုန်းတဲ့စိတ်၊ ကြောက်တဲ့စိတ်မဖြစ်အောင် မိဘနဲ့ သင်ကြားပေးတဲ့ဆရာတွေက သေချာလေးနားလည်အောင်စိတ်ရှည်ပြီးရှင်းပြပေးနိုင်ရမယ်။ တွန်းတွန်းတိုက်တိုက်နဲ့ မဟုတ်ဘဲ မှန်မှန်နဲ့ ဖြည်းဖြည်း သင်ယူတာက သူတို့အတွက်အကောင်းဆုံးပါ။ သင်ယူနေတဲ့အချိန်မှာ စိတ်ရဲ့ အာရုံစူးစိုက်မှု့က အကောင်းဆုံးအနေအထားမှာ ရောက်ရှိနေမှ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ထွက်လာမှာပါ။ 

ကလေးတွေရဲ့ဖန်တီးမှု့အပေါ်မှာ တတ်နိုင်သလောက် ဝေဖန်မှု့ မလုပ်သင့်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ talentတွေရှိတဲ့ အတွက် ကလေးတွေကို အလွန်အမင်း နှိုင်းယှဉ်တာ၊ ဝေဖန်တာတွေ သိပ်မလုပ်ဘဲ မိဘ၊ ဆရာတွေအနေနဲ့ သူတို့ရဲ့ အားသာချက်ကို ဖေါ်ထုတ်ပေးရမယ်။ 

တချို့ကdrawing/ line တွေအားသာသလို၊ တချို့က color/ shape တွေမှာ အားသာတယ်ဆိုတာရှိပါတယ်။ သင်ကြားရာမှ ဆရာရဲ့ အာဘော်ကို တတ်နိုင်သလောက်မပါစေဘဲ ကလေးရဲ့ talent ကနေ သင်ကြားပေးတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်။ 

ကလေးအရွယ် ၂ နှစ်ခွဲကနေ ၄နှစ် အရွယ်မှာ သဘာဝအရာတွေနဲ့ ရောနှောပြီးအရောင်တွေ lines တွေနဲ့  ရင်းနှီးအောင် မိတ်ဆက်ပေးရမယ်။ ဥပမာ သစ်ပင်က ဘယ်အရောင်လည်း၊ သစ်ရွက်လေးတွေကို ခူးပြီး အရောင်လေးတွေအရွက်ပေါ်ခြယ်ပြီး စာရွက်ပေါ် print လုပ်တာတို့၊ ကျောက်တုံးလေးတွေပေါ် အရောင်ခြယ်တာတို့၊ စားစရာလေးတွေကို အရောင်နဲ့ ခွဲတာတို့ နေ့စဉ် သူတို့ရဲ့ လုပ်ဆောင်ချက်တွေမှာ အရောင်လေးတွေကို ထည့်သွင်းမိတ်ဆက်ပေးတာမျိုးကို လုပ်ပေးနိုင်ပါတယ်။ စပျစ်သီးက အစိမ်းရောင်လေး၊ စတော်ဘယ်ရီက အနီရောင်လေး၊  ပန်းကန်ပြားက စက်ဝိုင်းပုံလေး၊ ခုံလေးက လေးထောင့်လေး စသဖြင့် shape လေးတွေကိုပြောပြပေးလို့ရတယ်။

ပြောပြပေးတဲ့အခါမှာ အရေးကြီးဆုံးက သူ့တို့စိတ်ကူးလေးတွေကို ဘောင်မခတ်မိစေဖို့ပါဘဲ။ ကောင်းကင်ကြီးကအပြာရောင်၊ သစ်ပင်က အစိမ်း၊ မြေကြီးဆိုအညိုဆိုတာတွေထက် ကောင်းကင်ကြီးဘာရောင်လည်းသိရအောင် အပြင်ထွက်ကြည့်ကြမယ်။ မနက်ဆို ကောင်းကင်ကြီးက ဘာရောင်ဖြစ်မလည်း၊ နေ့လယ်ဆို ဘာရောင်လည်း၊ နေဝင်ချိန်ဆို ဘာရောင်လေး ပြောင်းသွားလည်း သူတို့အရောင်တွေကို ကန့်သတ်ချက်မထားအောင် လမ်းညွှန်ပေးနိုင်ရမယ်။ သစ်ပင်ပင်စည်က အညိုချည်းပဲ မဟုတ်တာကို သူတို့တွေ လေ့လာတတ်အောင် ပန်းခြံထဲ ဒါမှမဟုတ် အိမ်ဘေးနား လမ်းထွက်လျှောက်ရင် ဒီပင်စည်က အဖြူ၊ ဒီပင်စည်က အစိမ်း၊ ခရမ်း စသဖြင့် အဲ့လို လေ့လာရင်းနဲ့ သူတို့လည်း သဘာဝကို နားလည်လာမယ်။ 

ကလေးက ကောင်းကင်ကြီးကိုအစိမ်းခြယ်ခဲ့ရင်တောင် သူတို့မှာ ခြယ်ခွင့်ရှိတယ်။ ခြယ်ရဲတဲ့လွတ်လပ်တဲ့စိတ်လေးကို မွေးမြူပေးရမယ်။ 

၅ နှစ်ကနေ ၈ နှစ် အထိကတော့ ပန်းချီရဲ့ သီအိုရီ အနည်းငယ်ကို တဖြည်းဖြည်းစတင်မိတ်ဆက်လို့ရပါပြီ။ tone အနုအရင့်လေးတွေ ၂မျိုးကနေ ၃ မျိုး၊ အရောင်တွေ စပ်တာ။ color theory လေးတွေကို သူတို့ သင်နေရင်း သင်မှန်းမသိအောင် သူတို့ရဲ့ သင်ခန်းစာထဲ ထည့်ပေးရပါတယ်။ ဒီနားလေးက မှောင်တယ်။ မှောင်ရင် ဘာရောင်လေးတွေ မြင်ရလည်း။ ဒီနားလေးက လင်းတယ်။ လင်းရင် ဘာရောင်ထည့်ချင်လည်းဆိုတာလေးတွေ နဲ့ စရပါတယ်။ သူတို့လုပ်ချင်တဲ့အရောင်၊ ဆွဲချင်တဲ့ ပုံစံ ကို မေးမြန်းပြီးမှ ဆရာက အကြံပေးတာ သူတို့နဲ့ တိုင်ပင်ပြီး ဆွဲတာလုပ်တာ ကောင်းပါတယ်။ ဒါကတော့ ဒီအရောင်လေးထည့်ရင်ပိုကောင်းမလား။ ဒါလေးကို မထည့်ရင် အရောင်လေးစမ်းကြည့်ပါလားဆိုတဲ့ အကြံပေးချက်လေးတွေကို လုပ်ပေးရင်းနဲ့ သူတို့ရဲ့ စူးစမ်းမှု့လေ့လာဖန်တီးမှု့ကို မြှင့်တင်ပေးနိုင်ပါတယ်။ 

၈နှစ်ကနေ အထက်ကတော့ ကလေးရဲ့ စိတ်ဝင်စားမှု့ပေါ်မူတည်ပြီး ပန်းချီသီအိုရီတွေကို စတင်သင်ကြားလို့ရပါတယ်။ အဲ့မှာ ထပ်ပြီး ၈ နှစ်ကနေ ၁၁/၁၂ နှစ်အထိ သူတို့ဆွဲချင်တဲ့ ပန်းချီကား၊ ရုပ်ပုံကနေ စပြီး သီအိုရီက စသင်ပေးတာပါပဲ။ သီအိုရီကို စစချင်းသွားသင်တာကတော့ နည်းနည်းသူတို့အတွက် Challenge ဖြစ်စေပါတယ်။ 

ဥပမာ-သူက ခုံလေးတခုဆွဲချင်တယ်ဆိုရင် ဆရာက ဒါဆို perspective ကိုသိဖို့လိုတယ် ဆိုပြီး one point ကနေ စသင်ပေးလို့ရပါတယ်။ အဲ့လိုလေး သင်သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပျော်ရွှင် ညာဏ်ထက် စိတ်အာရုံစူးစိူက်မှု့အားကောင်းတဲ့ သဘာဝတရားကို ချစ်တဲ့ လူငယ်လူရွယ် လူတော်လူကောင်းလေးတွေ ဖြစ်လာကြမှာပါ။ 

ငြိမ်းစု 

Jan 2025