တည်ထောင်သူ အတ္ထုပ္ပတ္တိ

ငြိမ်းစု၏ အနုပညာခရီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိပြီးနောက်၂၀၀၃ ခုနှစ်တွင် စတင်ခဲ့၏။ ထိုကာလမှစ၍ သူမသည် ပန်းချီလောကသို့ဝင်ရောက်ပြီး ရေဆေးပန်းချီကို အထူးပြုကာ ပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

၂၀၁၀ ခုနှစ်တွင် သူမသည် Nanyang Academy of Fine Arts (NAFA) တွင် ပညာသင်ဆုရရှိခဲ့ပြီး အနောက်တိုင်းပန်းချီနှင့် portrait ပန်းချီကို အထူးပြုလေ့လာခဲ့သည်။ NAFA တွင် ပညာသင်ယူနေစဉ်အတွင်း သူမသည် ACR Art Competition ၌ပထမဆုရရှိခဲ့သလို၊၂၀၁၃ ခုနှစ် အနုပညာဒီပလိုမာနောက်ဆုံးနှစ်တက်ရောက်​နေစဉ် မှာပင် NUSS Paint A Portrait Commission Project အတွက်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် သူမသည် Art Village Gallery and Studio ကို တည်ထောင်ခဲ့သည်။

ငြိမ်းစုသည် သူမ၏ ရေဆေးပန်းချီအတွေ့အကြုံနှင့် ကျွမ်းကျင်မှုကို ဆီဆေးပန်းချီ၌ ထည့်သွင်းပြီးဆန်းသစ်ဖန်တီးနိုင်မှုကြောင့် ထင်ရှားသည်။ သူမသည် လူ့သဘာဝ၊ ထုံးတမ်းအစဉ်အလာများကို ကိုယ်ပိုင်ဟန်ကိုယ်ပိုင်အမြင်ဖြင့် တွေးခေါ်ဖန်တီးသောပန်းချီစီးရီးများဖြင့် တွဲ၍ လူသိများသည်။

သူမ၏ အနုပညာခရီးသည် လက်တွေ့ဆန်သော (realism) ပန်းချီဖြင့် စတင်ခဲ့ပြီး အနုစိတ်အသေးစိတ်ရေးဆွဲမှုများမှတဖြည်းဖြည်းလျှော့ချပြီး abstract expressionism (ပုံသဏ္ဌာန်မဲ့ ခံစားမှုအသားပေးပန်းချီ) သို့ ပြောင်းလဲလာခဲ့သည်။ ဤပြောင်းလဲမှုသည် သူမ၏ ကိုယ်ပိုင်ဟန်၊ ဘဝအတွေ့အကြုံနှင့် လွတ်လပ်စွာတွေးခေါ်ခြင်းများကို တွေ့ရှိစေသည်။ သူမသည် တောက်ပသောအရောင်များနှင့် အလွှာများဖြင့်ဖန်တီးထားသော မျက်နှာပြင်များမှတစ်ဆင့်၊ တွေးခေါ်စရာနှင့် စိတ်ခံစားမှုများကို ဖန်တီးပြီး ကြည့်ရှုသူများအား လက်တွေ့နှင့် စိတ်အထင်ယူဆချက်များကြား လွန်ဆွဲစိတ်လှုပ်ရှားစေသည်။ ပန်းချီကားတိုင်းသည် အမြင်ဆွဲဆောင်မှုနှင့်အတူ၊ ယှဉ်တွဲတည်ရှိနေသည့် ကမ္ဘာကို ထိုးထွင်းမြင်နိုင်စေပြီး ဘဝ၏ ကန့်သတ်ချက်များမှဖောက်ထွက်လိုသောတွန်းအားများ ပဲ့တင်ထပ်နေသည်။
Widget image
© Copyright Art Eyed 2025